သူရဲကောင်း(ရိမ်းဂျား) တစ်ယောက်ဆုံးရှုံးခြင်း။ (စောအောင်ထူး)
၂၀၂၂ ခုနှစ် ၊ ဧပြီလ (၄) ရက်။
ကရင်ပြည်နယ် ၊ မြန်မာပြည်။
၂၀၂၂ ခုနှစ်၊ မတ်လ (၂၄) ရက်နေ့၊ ကရင်ပြည်နယ်တွင် ဆေးမှူးဖြစ်သူ စောအောင်ထူးသည် မြန်မာစစ်တပ်မှပစ်ခတ်ဖမ်းဆီးကာ သတ်ဖြတ်ခံခဲ့ရခြင်းအတွက် များစွာ ဝမ်းနည်းကြေကွဲရပါသည်။ စောအောင်ထူးသည်ကလေးနှစ်ယောက်ဖခင်ဖြစ်ပြီး၊ ခြောက်နှစ်သမီးနှင့် သုံးနှစ်အရွယ်သားတစ်ယောက်ရှိပါသည်။ စောအောင်ထူးအား ဆုံးရှုံးမှုသည် ကျွန်ုပ်တို့အားလုံးအတွက် များစွာ ကြေကွဲဝမ်းနည်းစရာ ဖြစ်ခဲ့ရပါသည်။ သူသည်ကရင်ပြည်နယ် ဒူးပလာယာခရိုင်အဖွဲ့တွင် ဆေးမှူးအဖြစ်တာဝန်ထမ်းဆောင်သူဖြစ်ပြီး၊ ၂၀၁၃ ခုနှစ်တွင် Free Burma Rangers (FBR) လေ့ကျင့်ရေးစခန်းသို့စတင်တက်ရောက်ခဲ့ပါသည်။ စောအောင်ထူးသည် FBR မစ်ရှင်အဖွဲ့တွင် လုံခြုံရေးနှင့် ဆေးမှူးအဖြစ် အဓိက တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး ၊ ဆေးမှူးကောင်းတစ်ယောက်ဖြစ်ခဲ့ပါသည်။ FBR သင်တန်းပြီးဆုံးပြီးနောက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၁၇) တွင်ဆေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ လူအများက စောအောင်ထူးအား ရဲရင့်ပြီး အေးဆေးတည်ငြိမ်သူအဖြစ် ဖော်ပြကြပါသည်။ Good Life Club (GLC) ပရိုဂရမ်များပြုလုပ်သည့်အခါများတွင်လည်း သူ့အား အလွန်ရွှင်မြူးတတ်သူအနေဖြင့်တွေ့ရပြီး ၊ ထိုအစီအစဉ်ကာလများအတွင်း သီဆိုကခုန်သည့်အခါ ကလေးများအားလုံးက သဘောကျကြပါသည်။
၂၀၂၂ ခုနှစ်၊ မတ်လ (၂၄) ရက်နေ့တွင် စောအောင်ထူးနှင့် အဖွဲ့လမ်းလျှောက်နေစဥ် မြန်မာ့စစ်တပ်မှ စတင်ပစ်ခတ်ခြင်းခံခဲ့ရသည်။ အားလုံးက လွတ်မြောက်ရန်ကြိုးစားခဲ့ကြပြီး စောအောင်ထူးတစ်ယောက်သာဒဏ်ရာရသွားခဲ့ပါသည်။ လွတ်မြောက်ခဲ့သူများအဆိုအရ သူထွက်ပြေးရန် ကြိုးစားခဲ့ပေမယ့် မလွတ်မြောက်ခဲ့ကြောင်း သိရပါသည်။ သူဆက်ပြီးမပြေးတော့ပဲ ပြန်လည်ပစ်ခတ်ခဲ့သဖြင့် မြန်မာ့စစ်တပ်မှ စစ်သားနှစ်ဦး ကျဆုံးခဲ့သည်။ထို့နောက် မြန်မာစစ်တပ်မှ သူ့အား အရှင် ဖမ်းဆီးခဲ့သည်။
စောအောင်ထူး၏ သူငယ်ချင်းများသည် ၂၀၂၂ ခုနှစ် ၊မတ်လ (၂၅)ရက် မနက်စောစောအချိန်တွင် သူ့အလောင်းကို ကောက်ယူရန်သွားခဲ့ကြပါသည်။ သူ့ခန္ဓာကိုယ်အခြေအနေသည် တော်တော်ဆိုးရွားပြီး ပြင်းထန်စွာ နှိပ်စက်ခံခဲ့ရသည့် လက္ခဏာများကို တွေ့ရှိခဲ့ရပါသည်။ သူ မသေခင်တွင် ဆိုးဆိုးရွားရွား နှိပ်စက်ခံခဲ့ရခြင်းကြောင့် လက်နှင့်ခြေသလုံး၏ အစိတ်အပိုင်းအားလုံးနီးပါး ကျိုးသွားကာ အူများထွက်ကျပြီး ဦးခေါင်းအရေပြားတစ်စိတ်တစ်ပိုင်း ပြတ်တောက်သွားခဲ့ရပါသည်။
FBR အဖွဲ့သည် စောအောင်ထူး၏ဇနီးနှင့် ကလေးများထံ သွားရောက်ကာ နှစ်သိမ့်အားပေးရန် ကြိုးစားခဲ့ပါသည်။ဤဆုံးရှုံးမှုသည် မိသားစုအတွက် ပြောစရာစကားလုံးမျာဆွံ့အသွားစေခဲ့ပါသည်။ သူရဲကောင်းစောအောင်ထူးအား ဆုံးရှူံးသွားသည့်အတွက် ဝမ်းနည်းပူဆွေးနေသော ကျန်ရစ်သူမိသားစုနှင့် အတူ သတိရ ဆုတောင်းပေးကြပါ။
ကျေးဇူးတင်ပါသည်။ ဘုရားသခင် ကောင်းချီးပေးပါစေ။

