မုတ်သုန်မိုးရာသီရဲ့ ကြေကွဲစရာဇာတ်လမ်းလေးအပေါ် အားပေးနှစ်သိမ့်မှု

ဇွန်လ ၁၁ ရက် ၂၀၂၁
ချစ်ခင်ရတဲ့ မိတ်ဆွေသူငယ်ချင်းတို့ရေ… လူတွေအပေါ် ဖေးမကူညီမှုနဲ့အတူ သင်တို့ရဲ့ ပို့သတဲ့ ဆုတောင်းမေတ္တာတွေအတွက် ကျေးဇူးပါ။
ကရင်ပြည်နယ်မြောက်ပိုင်း ရဲမူပလောဒေသမှာ မြန်မာစစ်တပ်ကနေ မော်တာနဲ့ ပစ်လိုက်လို့ မကြာသေးခင်ကပဲ ဆုံးပါးသွားခဲ့ရတဲ့ စောပါခီးဘူရဲ့ မိသားစုနဲ့ ကျနော်တို့ မနေ့က အတူ ရှိနေခဲ့ကြတယ်။ ဒီမိသားစုလေးဟာ သူတို့အိမ်လေး တိုက်ခိုက်ခံရလို့ ရွာကနေ ထွက်ပြေးခဲ့ကြပြီးနောက်ပိုင်းမှာ တောင်တတောင်ရဲ့ အခြားတဘက်မှာရှိတဲ့ မြင့်မားလှတဲ့ ဝါးတောအုပ်တခုမှာ တဲအိမ်သေးသေးလေးတလုံးဆောက်ပြီး နေနေကြရတာပါ။
သေဆုံးသွားတဲ့ စောပါခီးဘူရဲ့ဇနီးက ကျနော်တို့ကို သူတို့အဖြစ်အပျက်လေး ပြန်ပြောင်းပြောပြတဲ့အချိန်မှာ သူမရော၊ သူ့ကလေးတွေရော ငိုခဲ့ကြသလို၊ ကျနော်တို့လည်း မျက်ရည်ကျခဲ့ရတယ်။ ဒီအချိန်မှာပဲ မိုးက သဲကြီးမဲကြီး စရွာလေပြီ။
ဒီမိုးနဲ့အပြိုင် သူမလည်း ရင်ကွဲပက်လက်ဖြစ်ခဲ့တယ်။ ကျနော်တို့လည်း မိုးရွာထဲမှာပဲ ရပ်နေရင်း မျက်နှာပေါ်စီးကျလာတဲ့ မျက်ရည်တွေနဲ့အတူ သူတို့ရဲ့ကြေကွဲစရာအဖြစ်အပျက်လေးကို နားထောင်နေခဲ့ကြတယ်။
သူမရဲ့ချစ်ခင်ပွန်းသည် သေဆုံးခဲ့ရတဲ့ဖြစ်ရပ်လေးကို ပြောပြပြီးသွားတဲ့အချိန်မှာ သူတို့မိသားစုလေးတွေအတွက်ကို ကျနော်တို့အဖွဲ့တခုလုံးကနေ ဘုရားသခင်ကောင်းချီပေးပါစေဆိုတဲ့ သီချင်းလေးတပုဒ်ကို ဆိုညည်းရင်း ထပ်ပြီး ငိုခဲ့ရတယ်။ ဒါပေမဲ့လည်း ကျနော်တို့ကြားမှာ ချစ်ခြင်းမေတ္တာတွေဟာ ခိုင်မာသထက် ခိုင်မာလာတယ်။ သူတို့မိသားစုလေးက ကက်သလစ်ခရစ်ယာန်တွေပါ။ သူတို့ကို ယေရှုခရစ်တော် နှစ်သိမ့်ပေးဖို့ ဆုတောင်းခဲ့ကြသလို၊ ကောင်းကင်ဘုံမှာ နောက်တကြိမ် စောပါခီးဘူကို ကျနော်တို့အားလုံး ပြန်တွေ့ခွင့်ရဖို့ ဘုရားသခင်ကို အတူတူ ကျေးဇူးတော်ချီးမွမ်းခဲ့ကြပါတယ်။
ဒါတင်မကသေးပါဘူး။ တောင်ယာတောမှာ လုပ်ကိုင်ကျွေးမွေးမယ့် အိမ်ထောင်ဦးစီး ဖခင် မရှိတော့တဲ့ ဒီမိသားစုလေးကို ကျနော်တို့ တတ်အားသ၍ ငွေကြေးလည်း ကူညီပံ့ပိုးပေးခဲ့ပါတယ်။ ဒီလိုကူညီနိုင်အောင်လည်း ကျနော်တို့ကို ဝိုင်းဝန်းပံ့ပိုးပေးခဲ့ကြလို့ပါ။  
ဒီမိသားစုလေးကို အခုလို ကျနော်တို့ သွားတွေ့ဖို့ မထွက်ခွာခင် – တောထဲက မုန့်ဆိုင်ငယ်လေးတခုမှာ ကျနော်တို့အဖွဲ့အသစ်ထဲက အဖွဲ့ဝင်တွေဟာ ကြိုက်တဲ့မုန့်တွေ၊ အစားအသောက်တွေကို ဝယ်ခဲ့ကြတယ်။ တောထဲမှာ စားစရာ ထမင်းပဲရှိပြီး ရက်အတန်ကြာ လမ်းလျှောက်နေရတဲ့အချိန် – အခုလို ချိုချိုချဉ်ချဉ် စားစရာမုန့်လေးတွေရောင်းတဲ့ ဆိုင်လေးကို တွေ့လိုက်ရတာ ဘယ်လောက်ပျော်စရာကောင်းမလဲ စဉ်းစားကြည့်ပါ။ စားချင်တာတွေဝယ်ပြီး အိတ်ကပ်တွေထဲဖြည့်ရင်း အယောက်တိုင်းက အရမ်းဝမ်းသာနေခဲ့တယ်။
ဒီမိသားစုလေးရဲ့အိမ်လေးကိုရောက်ဖို့ ရေပြည့်နေတဲ့လယ်ကွင်းတွေ၊ ချောင်းတွေကို ကျနော်တို့ ဖြတ်ခဲ့ရတယ်။ ခက်ခဲတဲ့လမ်းခရီးကိုဖြတ်ပြီးတော့မှ အဲ့ဒီအိမ်လေးကိုရောက်သွားပြီး သူတို့ရဲ့အဖြစ်အပျက်လေးကို နားထောင်လိုက်ရတဲ့အခါမှာ ကျနော့်အဖွဲ့ဝင်တော်တော်များများဟာ ငိုခဲ့ကြတယ်။ ပြီးတော့ သူတို့ကြိုက်လို့ ဝယ်လာတဲ့မုန့်လေးတွေကို ထုတ်ပြီး အဲ့ဒီမိသားစုလေးကို ပေးခဲ့ကြတယ်။ ဒါတင်မကသေးဘူး။ သူတို့ရဲ့ ကိုယ်ပိုင်ငွေကြေးလေးတွေကိုပါ အိတ်ထောင်ထဲကနေထုတ်ပြီး အဲ့ဒီမိသားစုဝင်တွေရဲ့လက်ထဲကို သေချာ ထည့်ပေးခဲ့ကြပါတယ်။ မေတ္တာတွေ ယိုဖိတ်လာပြီး – ကိုယ့်ရှိသမျှလေး ထုတ်ပေးနေကြတာတွေ မြင်ရတော့ အတော်လေး စိတ်မကောင်းဖြစ်ခဲ့ရတယ်။ ငွေကြေးတွေ၊ အစားအသောက်တွေ၊ တခြားစားချင်စရာကောင်းတဲ့ အရာတွေဟာ ဒီမိသားစုအပေါ်ပေးတဲ့ ချစ်ခြင်းမေတ္တာတွေလောက် အရေးမကြီးပါဘူး။ မိုးရွာထဲမှာပဲ သူတို့နဲ့အတူ ကျနော်တို့တွေ သီချင်းဆို၊ ငိုကြွေး၊ မျှဝေရင်းနဲ့ ဆုတောင်းပေးခဲ့ကြပါတယ်။
ဘုရားသခင် ကျနော်တို့ပေးတဲ့ အကြီးမားဆုံးအရာက သူ့ရဲ့ချစ်ခြင်းမေတ္တာဖြစ်ပြီး၊ အခုလို ပြန်ပြီး ပြောပြခွင့် ဝေမျှခွင့်ရတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ကျနော်တို့ဟာ အားနည်းချက်တွေ၊ အပြစ်တွေနဲ့ ဖုံးလွှမ်းနေတဲ့ လူသားတွေဖြစ်ကြပါတယ်။ ကျနော်တို့ရဲ့ အတ္တတွေကို ဖယ်ရှားနိုင်ပြီး တခြားသူတွေကို ကူညီနိုင်ဖို့အတွက် ဘုရားသခင်က အခွင့်အရေးအကြိမ်ကြိမ် ပေးခဲ့တဲ့အပေါ် ကျနော်တို့ အမြဲတမ်း အံ့သြကျေးဇူးတင်ရပါတယ်။ ဒါဟာ ဘုရားသခင်က ကျနော်တို့အပြစ်တွေအတွက် လက်ဝါးကားတိုင်မှာ ပေးဆပ်ဖို့ သူ့ရဲ့သားတော် ယေရှုခရစ်ကို စေလွှတ်ခဲ့သလို၊ တဖန် ပြန်လည်ရှင်သန်ထမြောက်စေခဲ့တဲ့ နမူနာတခုပါပဲ။ ဒီနေရာမှာ မြန်မာစစ်တပ်ဟာ ကျနော်တို့အားလုံးထက် အရေအတွက်အားဖြင့် ပိုများပေမဲ့လည်း ကျနော်တို့အားလုံးထက်ရော၊ ဘုရားသခင်ထက်ရော အင်အားမကြီးနိုင်ပါဘူး။ ဒါကြောင့် ကျနော်တို့ အတူလက်တွဲကြရအောင်၊ တခြားသူတွေကိုလည်း ချစ်ခြင်းမေတ္တာတွေနဲ့ အတူ ဝိုင်းဝန်းလက်တွဲကြဖို့ တောင်းဆိုကြမယ်။ ကျနော်တို့အပြစ်တွေအတွက်လည်း ခွင့်လွှတ်ဖို့ရာ တောင်းဆိုကြမယ်။ ကျနော်တို့ကို ဘုရားသခင်က သွန်သင်ဆုံးမလမ်းပြခဲ့တဲ့ နည်းလမ်းတွေအတိုင်း လျှောက်လှမ်းကြရအောင်ပါ။    
မြန်မာပြည်မှာ တရားမျှတ လွတ်လပ်ပြီး ပြန်လည်သင့်မြတ်တဲ့ တိုင်းပြည်တခုအဖြစ် တည်ဆောက်ရာမှာ တစိတ်တပိုင်းအဖြစ်နဲ့ ကျနော်တို့ ပါဝင်ချင်ပါတယ်။ လက်ရှိ အခက်အခဲတွေ ရင်ဆိုင်နေရပေမဲ့လည်း တိုင်းပြည်ပြန်လည်တည်ဆောက်ရေးမှာ တစိတ်တပိုင်းအဖြစ် ပါဝင်ခွင့်ရတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ သင်တို့အားလုံးလည်း တထောင့်တနေရာက ပါဝင်နေကြမယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ ယေရှုခရစ်တော်နာမ၌ ဘုရားသခင်ကောင်းချီးပေးပါစေ။
ချစ်ခြင်းမေတ္တာဖြင့်
ဒေးဗစ်၊ မိသားစုနဲ့ Free Burma Rangers

စောပါခီးဘူရဲ့ဇနီးက သူတို့မိသားစုကြုံခဲ့ရတဲ့ အဖြစ်အပျက်ကို ပြောပြနေချိန် သူ့သမီးအကြီးဆုံးလေးက ငိုကြွေးနေတပုံ
သူတို့မိသားစုလေးအတွက် ကျနော်တို့အဖွဲ့ ဆုတောင်းသီချင်းဆိုနေပုံ
သေဆုံးသွားတဲ့ စောပါခီးဘူမိသားစုနဲ့အတူ ဒေးဗစ် ယူဘန့်မိသားစု အမှတ်တရ
ဧပြီလ ၈ ရက် ၂၀၂၁ မှာ စောပါခီးဘူ အသတ်ခံရပြီး သူ့အိမ်ဖျက်ဆီးခံခဲ့ရပုံ
စောပါခီးဘူအိမ်က ဘုရားဆုတောင်းတဲ့စားပွဲ