https://www.freeburmarangers.org/2021/06/13/update-on-kidnapped-mother-of-three/
၂၉ မေ – ၃ ဇွန် ၂၀၂၁
မိတ်ဆွေတို့ – သင်တို့ပို့သတဲ့ ဆုတောင်းမေတ္တာတွေအတွက် ကျေးဇူးတင်ပါတယ်။ ကလေး ၃ ယောက် ထွက်ပြေးတိမ်းရှောင်နေတုန်းမှာ မြန်မာစစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတဲ့ အမျိုးသမီးဟာ အခု လွတ်မြောက်လာခဲ့ပါပြီ။ နော်အေးကြာကို မြန်မာစစ်တပ်က မေလ ၂၃ ရက်နေ့မှာ ဖမ်းဆီးပြီး သာဘိုမှာရှိတဲ့ သူတို့စခန်းကို ခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။ သူ လွတ်မြောက်လာပြီးနောက် ကရင်ပြည်နယ်ထဲက လုံခြုံစိတ်ချရတဲ့ နေရာတခုမှာ သူ့ကလေး ၃ ယောက်နဲ့အတူ ခိုလှုံနေပါတယ်။ သူမလွတ်မြောက်လာဖို့အပါအဝင် သူမအတွက် ဆုတောင်းပေးခဲ့ကြတဲ့ အယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်။
နေ့စဉ် ဘဝတွေရှင်သန်ရပ်တည်ဖို့ ကြိုးစားနေကြရတဲ့ ဒေသခံအရပ်သားတွေဟာ မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် သေဆုံးဒဏ်ရာရမှုတွေ ဆက်ပြီးဖြစ်ပေါ်နေပါတယ်။ မေလ ၂၈ ရက်နေ့ ၂ နာရီမှာ မဲ့ဝေးစခန်းမှာတပ်စွဲထားတဲ့ မြန်မာစစ်တပ် ခလရတပ်ရင်း (၉၇) ကနေ သူတို့ရဲ့စခန်းအနီး လမ်းပေါ်မှာ သွားလာနေတဲ့ ရွာသားတွေကို ပစ်ခတ်ခဲ့တာကြောင့် မဲ့ဝေးရွာက အသက် ၂၅ နှစ်အရွယ် စောညီညီဟာ လက်ဖျံမှာ ဒဏ်ရာရရှိခဲ့ပါတယ်။ အဲ့ဒီတပ်ရင်းကို ဗိုလ်မှူး ထက်နိုင်ဦးက ဦးဆောင်တာပါ။ မဲ့ဝေးရွာဟာ ကရင်ပြည်နယ်မြောက်ပိုင်း ဖာပွန်ခရိုင် ဒွေးလိုမြို့နယ်တွင်းမှာ တည်ရှိပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ (KNLA) တပ်ဖွဲ့နဲ့ မြန်မာစစ်တပ်ကြား မေလ ၂၉ ရက် ၁၀ နာရီ ၂၁ မိနစ်အချိန် တာမေးထမြို့နယ်တွင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ကျောက်ခါကြိုးမှာ အခြေစိုက်တဲ့ မြန်မာစစ်တပ်က ကောဒါးဒါးဒေသ ကျောက်ခါထကို မော်တာနဲ့ နှစ်ကြိမ်ပစ်ခတ်ခဲ့ပြီး၊ မော်တာအားလုံး အရပ်သားတွေနေထိုင်တဲ့နေရာတွေမှာ ကျရောက်ခဲ့ပါတယ်။
ကရင်ပြည်နယ် ပါးဂေါ်လိုမှာ အခြေစိုက်တဲ့ မြန်မာစစ်တပ်ကနေ ခူးဂါပလော်ဒေသ တိုးဒေါပလော်ကို မေလ ၃၀ ရက်နေ့ ၁ နာရီ မိနစ် ၅၀ အချိန်မှာ မော်တာနဲ့ ၃ ကြိမ် ပစ်ခတ်ခဲ့ပါတယ်။ အဲ့ဒီနေ့မှာပဲ ဝကလေးတူမှာ တပ်စွဲထားတဲ့ မြန်မာစစ်တပ်ကလည်း စောနွီးပလော်ကို ၁၂ နာရီ ၅၅ မိနစ်အချိန်မှာ မော်တာနဲ့ တစ်ကြိမ်ပစ်ခတ်ခဲ့ပါတယ်။ အလားတူပဲ နေ့ခင်း ၁ နာရီခွဲမှာလည်း စောနွီးထကို မော်တာနဲ့ ၃ ကြိမ်ပစ်ခတ်ခဲ့ပြီး ၁ လုံးကတော့ မပေါက်ကွဲခဲ့ပါဘူး။ တချိန်တည်းမှာပဲ ပဂေါလိုမှာတပ်စွဲထားတဲ့ မြန်မာစစ်တပ်က စောနွီးထကို မော်တာနဲ့ ၉ ကြိမ်တိုင်တိုင် ပစ်ခတ်ခဲ့ပြီး၊ ၂ လုံးကတော့ မပေါက်ကွဲခဲ့ပါ ဘူး။ ဒီမော်တာကျည်တွေအားလုံးဟာ စောမူပလောဒေသက အရပ်သားတွေ အလုပ်လုပ်ကိုင်တဲ့ နေရာတွေမှာ ကျရောက်ခဲ့တာဖြစ်ပါတယ်။
ဝါကလေးတူမှာအခြေစိုက်တဲ့ မြန်မာစစ်တပ်ကနေ မေလ ၃၁ ရက် ၈ နာရီ မိနစ် ၄၀ အချိန်မှာ ထီးလီးခါခီး၊ နာနိုးဒေးနဲ့ ခလီးပုရွာတွေကို မော်တာနဲ့ တကြိမ်စီ ပစ်ခတ်ခဲ့ပါတယ်။ စုစုပေါင်း ၃ လုံး ပစ်ခတ်ခဲ့ပြီး၊ မော်တာကျည်အားလုံးဟာ အရပ်သားတွေနေထိုင်ရာ စောမူပလောဒေသမှာ ကျရောက် ခဲ့ပါတယ်။
မေလ ၃၁ ရက် မနက် ၈ နာရီမှာ မြန်မာစစ်တပ်က ကျောက်ခါကြိုးနဲ့ ဆာလောကြိုးကနေ ရိက္ခာတွေကို ပြောင်းရွှေ့ခဲ့တယ်။
ဇွန်လ ၁ ရက် ညနေ ၆ နာရီအချိန်မှာတော့ ဆာလကြိုးမှာရှိနေတဲ့ မြန်မာစစ်တပ်ရဲ့ တပ်ခွဲတခုဟာ ကောဒေါခိုရွာကို ထွက်ခွာခဲ့ပြီး၊ ကောတာဒါးဒေသ ရှဲဒေါခိုရွာမှာ တည ရပ်နားပါတယ်။ တချိန်တည်းမှာ ပဲ မြန်မာစစ်တပ်က ရိက္ခာတွေကို ပြောင်းရွှေ့ခဲ့ပြီး ကောတာဒါးဒေသ ဘလားဘောရွာမှာ မြေမြှုပ်မိုင်း ၂ လုံး ထောင်ခဲ့တဲ့အတွက် – ၁ လုံးပေါက်ကွဲရာကနေ ရွာကကျွဲတကောင် ထိမှန်ခဲ့ပါတယ်။ ကျန်တလုံးကတော့ မပေါက်ကွဲသေးပါဘူး။
ဆာလောကြိုးမှာအခြေစိုက်တဲ့ မြန်မာစစ်တပ်က တမေခီးဒေသကို ဇွန်လ ၂ ရက် မနက် ၉ နာရီ ၃၅ မိနစ်အချိန်မှာ မော်တာနဲ့ ၃ ကြိမ်ပစ်ခတ်ခဲ့ပါတယ်။ တချိန်တည်းမှာပဲ မြန်မာစစ်တပ် တပ်ခွဲတခုဟာ တာခါဒါးဒေသ ခါပိုးထရွာမှာ ညအိပ်ရပ်နားခဲ့ပါတယ်။ အရေအတွက်တော့ မသိရသေးပါဘူး။
ဇွန်လ ၃ ရက် ၁၂ နာရီ ၅၅ မိနစ်အချိန်မှာတော့ တာခါဒါးဒေသ သေကလာဒေးရွာမှာရှိနေတဲ့ မြန်မာစစ်တပ်ကို KNLA တပ်ဖွဲ့က ပစ်ခတ်ခဲ့ပါတယ်။ ဘောလေးဒါးဒေသ လောကောဒေးကို မြန်မာစစ်တပ်က မော်တာနဲ့ ၆ ကြိမ် ပစ်ခတ်ခဲ့ပါတယ်။ KNLA ဘက်မှာ ထိခိုက်ကျဆုံးမှု မရှိခဲ့ပေမဲ့ မြန်မာစစ်တပ်ဘက်က အထိအခိုက် အကျအဆုံးကိုတော့ မသိရသေးပါဘူး။ အဲ့ဒီနေ့ မနက် ၈ နာရီ ၂၅ မိနစ်အချိန် ကရင်စစ်သားတယောက်ဟာာ ကောတာဒါးဒေသ ဘလာဘောလိုကြိုးရွာမှာ မြန်မာစစ်တပ်က ထောင်ထားတဲ့ မြေမြှုပ်မိုင်းတလုံးကို ဖယ်ရှားခဲ့ပါတယ်။
ဇွန်လ ၃ ရက်နေ့မှာပဲ ပဂေါလိုရွာမှာရှိတဲ့ မြန်မာစစ်တပ်ပိုင် လားတွေ၊ မြင်းတွေ ဝါကလေးတူစခန်းကို ရောက်ရှိခဲ့ပါတယ်။ အရေအတွက်တော့ မသိရသေးပါဘူး။
မေလ ၂၈ ရက် ၈ နာရီ မိနစ် ၄၀ မှာ မြန်မာစစ်တပ်ဟာ ကေပုကျေးရွာအုပ်စု လုသော်မြို့နယ် မူထရောခရိုင်တွင်းက သူတို့စခန်းတွေဆီ ရိက္ခာတွေကို ပို့ဆောင်ခဲ့ပါတယ်။ ကောတာဒါးဒေသ မုခေးထမှာ မြစ်ကိုဖြတ်ပြီး ရိက္ခာတွေပို့နေချိန် မြန်မာစစ်တပ်နဲ့ ကရင်စစ်သားတွေအကြား တိုက်ပွဲဖြစ် ပွားခဲ့ပါတယ်။ မြန်မာစစ်တပ်ဘက်က ၂ ဦးသေဆုံးခဲ့ပြီး၊ ထိခိုက်ဒဏ်ရာရသူအရေအတွက်တော့ မသိရ သေးပါဘူး။ KNU ဘက်ကတော့ ထိခိုက်သေဆုံးမှု မရှိခဲ့ပါဘူး။
ဗိုလ်ကြီး စောကွီဝါးရဲ့ ပြောဆိုချက်အရ – မြန်မာစစ်တပ်ဟာ စစ်ဆင်ရေးတွေ ပိုပြီး လုပ်ချင်တာကြောင့် လုသောမြို့နယ်တွင်းမှာ နေ့တိုင်း ရိက္ခာတွေ ပိုမို ပို့ဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။ “သူတို့ရဲ့ စစ်ဆင်ရေးအတွက် ရိက္ခာတွေ ပိုမို ပို့ဆောင်နိုင်အောင်လို့ ကျနော်တို့ပြည်သူတွေရဲ့တွေကို သိမ်း၊ ပြည်သူတွေကို အုပ်ချုပ်ချင်နေတာဖြစ်တယ်။”
မေလ ၁၂ ရက်နေ့က မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးကွပ်ကွဲမှုဌာန (စကခ-၈) လက်အောက်ခံ ခလရ ၄၀၅ နဲ့ နယ်ခြားစောင့်တပ်ဖွဲ့ (BGF-၁၀၁၃) တို့ဟာ ပူးတွဲစစ်ဆင်ရေးတခုကို ဆင်နွှဲခဲ့ကြပြီး၊ ဖာပွန်ခရိုင်၊ ခါးတာတီကျေးရွာအုပ်စု၊ ဒွေးလိုမြို့နယ်က အသက် ၄၈ နှစ်အရွယ် စောတိုးကလို့ ကို ဖမ်းဆီးသွားခဲ့ပါတယ်။ သူ့ကို ရက်ရက်စက်စက် ရိုက်နှက်ခဲ့ပြီး အကြောင်းမဲ့ သတ်ဖြတ်ခဲ့ကြတာပါ။ စောတိုးကလို့ ကို နိုးခါကလိုချောင်းဘေးက လမ်းမှာ သတ်ခဲ့တာဖြစ်ပါတယ်။ သူ့မှာ ကလေး ၄ ယောက် ကျန်ခဲ့ပြီး၊ မိန်းကလေး ၁ ယောက်၊ ယောကျာ်းလေး ၃ ယောက်ဖြစ်ပါတယ်။ ဇနီးကတော့ အရင်ကတည်းက ကွယ်လွန်ခဲ့ပြီးဖြစ်ပါတယ်။ အခုဆိုရင် ကလေး ၄ ယောက်စလုံးဟာ မိဘမဲ့ကလေး တွေဘဝကို ရောက်ရှိခဲ့ကြရပါပြီ။
ကရင်ပြည်နယ် ဘောကြိုထရွာက အသက် ၄၅ နှစ်အရွယ် စောပီလုဟာ မေလ ၁၈ ရက်နေ့က နယ်ခြားစောင့်တပ်ဖွဲ့ (BGF-1014) က ထောင်ထားတဲ့ မြေမြှုပ်မိုင်းနင်းမိခဲ့တာကြောင့် နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ရပါတယ်။ ဒီမြေမြှုပ်မိုင်းတွေကို အရပ်သားတွေလုပ်ကိုင်တွေ လယ်ကွင်းတွေနဲ့ အလုပ်ခွင်တွေမှာ နယ်ခြားစောင့်တပ်တွေက ထောင်ခဲ့တာဖြစ်ပါတယ်။ သေဆုံးသွားတဲ့ စောပီလုမှာ မိသားစုတော့ မရှိပါဘူး။
အလားတူ ကရင်ပြည်နယ် လေးပိုးထကျေးရွာအုပ်စု နိုခါးထရွာက အသက် ၆၃ နှစ်အရွယ် စောပါခါး ဟာ သူ့တောင်ယာမှာ အလုပ်လုပ်နေချိန် မြေမြှုပ်မိုင်းနင်းမိခဲ့ပါတယ်။ ဒီမြေမြှုပ်မိုင်းကိုလည်း နယ်ခြားစောင့်တပ်ဖွဲ့ကပဲ ထောင်ခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးကတည်းက မြန်မာစစ်တပ်ဟာ မြို့ရွာတွေနဲ့ တိုင်းရင်းသားဒေသ တွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်နေတာဖြစ်ပါတယ်။
ကျေးဇူးတင်ပါတယ်။ ဘုရားသခင်ကောင်းချီးပေးပါစေ။
The Free Burma Rangers

အောက်ပါ ဓာတ်ပုံ နှစ်ပုံကတော့ – အိမ်ပြန်နေချိန် မြန်မာစစ်တပ်က ပစ်ခတ်ခဲ့တဲ့ စောညီညီရဲ့ပုံဖြစ်ပါတယ်။
အောက်ပါ ဓာတ်ပုံ နှစ်ပုံကတော့ – အိမ်ပြန်နေချိန် မြန်မာစစ်တပ်က ပစ်ခတ်ခဲ့တဲ့ စောညီညီရဲ့ပုံဖြစ်ပါတယ်။